ဝိနယဂရုက

ဝိနယဂရုက
=======
မစိုးရိမ်တိုက်သစ် ဆရာတော်ဘဒ္ဒန္တသိရိန္ဒာဘိဝံသသည် စာသင်သားများကိုသာမက နာယကများကိုပါ မဟုတ်လျှင် မဟုတ်သလို မမှန်လျှင် မမှန်သလို ဒုတ်ထိုးအိုးပေါက် ငေါက်ငမ်း၍ ဆုံးမတတ်၏။ 

နာယက ကြီးသည် ငယ်သည်မဟူ ဆရာတော်၏ ငေါက်ငမ်းမှုကို ခံရသောကြောင့် ဆရာတော်ကရုဏာကို မခံယူဖူးသော နာယကမရှိ-ဟု ဆိုနိုင်သည်။ 

‘‘ မင်းဘွဲ့ ဘယ်သူလဲ’’
‘‘တပည့်တော် ဦးဇောတိကပါဘုရား’’  ဟုလျှောက်မိသောကြောင့် ထ၍ ခြေထောက်နှင့် ကန်ဖူးသည်။ 

‘‘ ဟေ့ကောင် ထေရ်ကြီး ဝါကြီးနဲ့တွေ့ရင် ဦးတပ်ပြီး မပြောရဘူး၊ ဒါလေးမှ နားမလည်ဘူးလားကွ။’’

ဤကဲ့သို့ပင် အချိုးမပြေသော အပြုအမူများကို ငေါက်ငမ်း၍ ဖြစ်စေ, ကန်ကျောက်၍ ဖြစ်စေ ဆုံးမတတ်သည်။ ထို့ကြောင့် ဆရာတော်သီကို သဘောထား တင်းမာလွန်းသော ပုဂ္ဂိုလ်ကြီးအဖြစ် ထင်မြင်ဖွယ်ရာရှိသည်။ 

သို့သော် ဆရာတော်သည် ဝိနည်းတရားနှင့် ပတ်သက်လျှင်ကား အလွယ်တကူ အလျော့ပေးတတ်သော သဘောရှိကြောင်း အောက်ပါအဖြစ်အပျက်က သက်သေခံပါသည်။

တခါသား။

ဓမ္မပါရဂူကျောင်းမှ စာသင်သားတစ်ပါး။
စိုက်ပျိူးရေးဝါသနာပါသည်။ ပါရဂူခေါင်းရင်း မြေကွက်လပ်တစ်နေရာ၌ ငှက်ပျောပင်စသည်တို့ကို စီတန်းစိုက်ပျိူးကာ ရေလောင်းပေါင်းသင်ထား၏။ အပင်များကို တယုတယ နေ့စဉ်စောင့်ရှောက်နေသည်။

တစ်နေ့သောအခါ မစိုးရိမ်တိုက်သစ် အရှေ့အနောက်မင်းလမ်းမကြီးကို စည်ပင်ဝန်ထမ်းများက ကတ္တရာလမ်းခင်းကြသည်။ လမ်းနဲ့ မလွတ်သောကြောင့် ငှက်ပျောပင်များကို ခုတ်ပစ်လိုက်ကြသည်။ ဥယျာဥ်မှူးအရှင်ကား အမျက်ဒေါသချောင်းချောင်းထလေပြီ။ 

အသားများတဆတ်ဆတ်တုန်ပြီး လမ်းခင်းနေသော စည်ပင်ဝန်ထမ်းများကို မေးမြန်း၏။

‘‘ ခင်ဗျားတို့ ဘာလို့ ခုတ်တာလဲ’’
‘‘ လမ်းနဲ့ မလွတ်လို့ပါဘုရား’’
‘‘ ဘယ်သူက ခုတ်ခိုင်းတာလဲ’’
‘‘ ဆရာတော်က ခုတ်ခိုင်းတာပါဘုရား’’

အဆိုပါဦးဇင်းသည် ဆရာတော်သီတင်းသုံးရာ ဓမ္မကာယကျောင်းအောက်သို့ သွား၏၊ ဆရာတော်အား ဦးချ၍ ဒေါသတကြီး လျောက်ထားသည်။ 

‘‘ ဆရာတော် တပည့်တော်ရဲ့ သစ်ပင်တွေကို ခုတ်ခိုင်းတယ်ဆိုလို့ဘုရား၊ တပည့်တော် အပင်တွေ အကုန် အခုတ်ခံလိုက်ရပြီဘုရား’’

ဦးဇင်းကား သစ်ပင်များ အခုတ်ခံရသောကြောင့်သာ ဆရာတော်ကို ပြသနာရှာရသည်။ အခြားသော ရည်ရွယ်ချက်ရှိဟန်မတူ။ ဆရာတော်ကို ပြဿနာရှာခြင်းကြောင့် ဖြစ်လာဖွယ်ရာရှိသော ကောင်းကျိုးဆိုးကျိုးတို့ကိုလည်း ထည့်တွက်မိဟန် မတူပါ။ ဒေါသအလျောက် ထူပူ၍ လျှောက်မိလျှောက်ရာ လျှောက်ထားခြင်းသာ ဖြစ်ဟန်ရှိ၏။

ဆရာတော်က ခါတိုင်းကဲ့သို့ တင်းမာငေါက်ငမ်းဟန်မရှိပါ။ 
အားတုံ့အားနာဖြင့် 
‘‘ ငါ မသိလို့ပါကွာ၊ အလေ့ကျပင် ထင်လို့ပါ’’  ဟုမိန့်ရှာသည်။

ဦးဇင်းကား အရိပ်သုံးပါး နားမလည်ပါ။ 
‘‘ ဘယ်အလေ့ကျပင်ရမှာလဲဘုရား၊ တပည့်တော်သေသေချာချာ စိုက်ထားတာပါဘုရား’’ ဟုပင်လျှောက်လိုက်သေး၏။

‘‘ ကဲကဲ ခုတ်ပြီးသားကိစ္စ ခုတ်ပြီးသားပဲ၊ ကိုယ်လည်း မတတ်နိုင်ဘူး၊ အပင်မှာ ပိုင်ရှင်ရှိတဲ့အတွက် ဘဏ္ဍာစားပေးရမှာပေါ့။ ကဲ ငှက်ပျောက ဘယ်နှစ်ပင်လဲ’’

ဦးဇင်းကား မလျှော့သေးပါ။ 
‘‘ ဆရာတော် ငှက်ပျောခိုင်တွေလည်း ပါတယ်ဘုရား’’
‘‘အေးပါ၊ ဟုတ်ပါပြီ၊ ငှက်ပျောပင်က ဘယ်နှစ်ပင်လဲ၊ အခိုင်က ဘယ်နှစ်ခိုင်လဲ၊ တခြား ဘာပင်တွေရော ပါသေးလဲ’’   

ဤသို့ဖြင့် အဆိုပါဦးဇင်းမှာ ထိုခေတ်အခါက အတော်များပြားသော ဘဏ္ဍာစား အနာမာသများကို ရရှိသွားသည် ဟူသတတ်။

ထိုဦးဇင်းမှာ ကျားမြှီးဆွဲရဲသော ပထမဆုံးနှင့်နောက်ဆုံး သာမန်စာသင်သား ရဟန်းတစ်ပါးဖြစ်ခဲ့ပါသည်။ ထိုရဟန်းမှန်သည် မှားသည်ကို မပြောဘဲ ဆရာတော်ကို ဝေဘန်ရလျှင် ဆရာတော်သည် တင်းမာသူမဟုတ်ပါ။ 

စည်းကမ်းနှင့် ပတ်သက်လျှင် တင်းမာပြတ်သားသလောက် 
ဝိနည်းနှင့် ပတ်သက်လျှင်  ပျော့ပျောင်းသော ဖော့ဖယောင်း စိတ်နှလုံးရှိပါကြောင်း 
ဂုဏ်ယူဝမ်းမြောက်ဖြစ်မိပါတော့သည်။

Comments

Popular posts from this blog

ဘုရားဝတ်တက်ဩဝါဒများ မစိုးရိမ်တိုက်သစ်

မိုးမရွာသောနေ့များ (၉-၉-၂၀၁၉)