မိုးမရွာသောနေ့များ (၉-၉-၂၀၁၉)
မိုးမရွာသောနေ့များ
အပူရှိန်ပြင်းသော မစိုးရိမ်တိုက်သစ်။
စာအံကျောင်းတစ်ချိန်တက်ရတိုင်း အပူဒဏ်နှင့် တွေ့ရဦးမည်ကိုတွေးတောရင်း သက်ပြင်းပူကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
သီတင်းသုံးဖော်များကလည်း ပညာရေးကိစ္စမပြီးသေးသဖြင့်သာ အောင့်အီး၍ စာအံကျောင်း၌ တွန့်ရင်းလိမ်ရင်း ထိုင်နေကြရသည်။ တစ်ချို့လည်း စာအံကျောင်းသက် (၅)နှစ်, တစ်ချို့လည်း(၁၀)နှစ်, မိမိ၏ ပညာရေးကိစ္စမပြီးဆုံးခြင်းအတွက် မိမိကိုယ်တိုင် စိတ်ပျက်အားငယ်ဖြစ်မိသလို ရပ်ရွာမှ ဒကာ ဒကာမဆရာသမားများကိုလည်း အားနာလှသည်။
စာအံကျောင်းသွားရသည်မှာ မိမိကိုယ်ကို ရဟန်းတစ်ပါးဟုမထင်တော့။ သံပတ်ပေးထားသော စက်ရုပ်တစ်ရုပ်ပမာ ထင်မြင်လာတော့သည်။ အပူဒဏ်နှိပ်စက်ကို ခံရသဖြင့်သာ စက်ရုပ်မဟုတ်မှန်း သတိပြုမိတော့သည်။ မိုးလင်းလာတိုင်း လန့်နေသော အတွေးတစ်ခု ခေါင်းထဲ ပေါ်ပေါ်လာလေ့ ရှိသည်။ ယနေ့လည်း ဒုက္ခတစ်ခု တွေ့ပြန်ရဦးတော့မည်။
ဆရာတော်ဘိုရာကတော့ မိန့်ဖူးပါသည်။
‘‘စာမေးပွဲမအောင်တော့ ဘာဖြစ်လဲကွ၊ စာထပ်ကျက်တော့ ကုသိုလ်ပိုရတာပေါ့’’
ဆရာတော်က စာမေးပွဲမကျဖူးတော့ ပြောအားရှိတာပေါ့။
ဆရာတော် ဘယ်လောက်ပဲ ပညာတတ်တတ်၊ စာမေးပွဲကျရခြင်း၏ ခါးသီးသော ဝေဒနာဒဏ်ချက်ကိုကား ဉဏ်မွဲသော တပည့်များလောက် သိနားလည်မည် မဟုတ်ပါ။
ငြီးငွေ့ဖွယ်ရာကောင်းသော နေ့တစ်ဓူဝ လှုပ်ရှားမှုများကို အားတင်းရုန်းကန်နေရသော သက်ရင့်စာသင်သားတို့အတွက် အောင်စာရင်းတွင် တစ်ကျမ်းတစ်လေပါလာခြင်းက သဲကန္တာရထဲတွင် မိုးဖွဲဖွဲတစ်ပေါက်နှစ်ပေါက်ကျသည်ကို ရင်ဖွင့်, ခေါင်းမော့, ပါးစပ်ကိုဟ၍ မိုးစက်များကို သောက်သုံးလိုက်ရသည့် ပမာ လွန်စွာအရသာရှိလှသည်။
မိုးမရွာသောနေ့များကား နေ့မှလပြောင်း, လမှနှစ်ပြောင်း နှစ်ပေါင်းများစွာ ညောင်းကြာလှပြီ။
မန္တလေး၊ မစိုးရိမ်တိုက်သစ်။
မိုးမရွာ၍ ပူလှပါသည်။
မိုးဖွဲဖွဲအေးအေးဖြစ်စေ,
ဂျိုးဂျိုးချိမ့်ချိမ့် ထစ်ချုန်းသံများနှင့်ရောက်လာသော မိုးကြမ်းဧည့်သည်ဖြစ်စေ,
ကိုယ့်ရင်ထဲသို့တိုင် အရောက်လာ၍ ရွာစေချင်မိပါတော့သည်။
Comments
Post a Comment